ဘဒ္ဒန္တနန္ဒဝံသ ဘဝဖြစ်ရပ် အခြေအနေသိရန်
၁။ ဘဒ္ဒန္တ နန္ဒဝံသကို ၁၂၉၈ ခု ပြာသိုလဆန်း ၁၅-ရက်(လပြည့်) စနေနေ့ ၁၉၃၆ ခု ဒီဇင်ဘာ ၂၆-ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။
၂။ မြန်မာနိုင်ငံ နေပြည်တော် လယ်ဝေးမြို့နယ် ဧလာမြို့ ဇေယျသိန်ရွာတွင် ခမည်းတော် ဦးပု မယ်တော် ဒေါ်စောမြတို့မှ မွေးဖွားခဲ့ပါသည်။
၃။ ၁၃၀၈ ခု တပေါင်းလဆန်း ၁၅ ရက်နေ့တွင် ကျေးဇူးရှင် ဇေယျသိန်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေ ပြုခဲ့ပါသည်။
၄။ ၁၃၁၅-၁၃၁၆-၁၃၁၇-၁၃၁၈ ခုနှစ်များတွင် အဘိဓမ္မာ ၃-ဆင့်နှင့် ပထမငယ်၊ ပထမလတ်၊ ပထမကြီး စာမေးပွဲများကို မိမိ၏ ဧလာ ဇေယျသိန်စာသင်တိုက် ဇေယျသိန်ကျောင်း ဆရာတော်ထံမှပင် ဆက်လက် အောင်မြင်ခဲ့ပါသည်။
၅။ ၁၃၁၈ ခု ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆဋ္ဌသဂါယနာတင်ပွဲ သာသနာ ၂၅၀၀ ပြည့်နေ့တွင် ကျေးဇူးရှင် ဇေယျသိန်ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်ခဲ့ပါသည်။
၆။ ၁၃၁၈ ခုမှ ၁၃၂၃ ခုနှစ်အထိ မန္တလေးမြို့ မိုးကောင်းတိုက်၊ ညောင်ရမ်းပါဠိတက္ကသိုလ် ညောင်ရမ်းဆရာတော်ကျောင်းတွင် ပါဠိ အဋ္ဌကထာများကို ဆက်လက်သင်ကြားခဲ့ပါသည်။
၇။ ၁၃၂၃ခုနှစ်တွင် ညောင်ရမ်းပါဠိတက္ကသိုလ်မှ “ဓမ္မာစရိယတန်း” ကို အောင်မြင်ပြီး “သာသနဓဇ ဓမ္မာစရိယ” ဘွဲ့ တံဆိပ်တော်ကို ရရှိခဲ့ပါသည်။
၈။ နိုင်ငံတော်အစိုးရ၏ တိုင်းရင်းဆေးပညာကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ခဲ့ပါသည်။
၉။ ၁၃၄၈ ခု တပေါင်းလပြည့်ကျော် ၉ ရက် ၁၉၈၇ ခု မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဖရက်မြို့ ဝပ်ဘော်ကရော့ကျောင်းတိုက် ပြည်ပသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာသိရီနန္ဒမှ ကနေဒါနိုင်ငံတိုရန်တိုမြို့ “မဟာဓမ္မိကကျောင်း” ထိုင်ဝမ်နိုင်ငံ ကျုံးဟော်မြို့ “နန္ဒရာမ တရုတ်မြန်မာကျောင်း” တို့ကို အတူလက်တွဲ သာသနာပြုကြရန်ပင့်လျှောက်ခဲ့၍ ၂၃. ၃. ၁၉၈၇ နှစ် နေ့မှစထွက်လာပြီး ထိုင်းနိုင်ငံ-မလေးရှားပီနန်ဆရာတော်များထံတွင် သုံးလကျော်နေခဲ့ပါသည်။ ၃၁. ၇. ၁၉၈၇ နေ့တွင် စင်္ကာပူမှတဆင့် ထိုင်ဝမ်သို့ ရောက်ရှိခဲ့ပါသည်။
၁၀။ ထိုင်ဝမ် ကျုံးဟော်မြို့တွင် အိမ်တလုံးငှားပြီး ဦးပညာသိရီနန္ဒ၊ ဦးနန္ဒသီရိ ဘုန်းကြီး ၃ပါးသည် ၂နှစ်နေပြီး ၁၉၈၉ မတ်လတွင် ကိုယ်ပိုင်ကျောင်းကို ထိုင်ဝမ်ငွေ ၃၆သိန်းဖြင့် ဝယ်ယူနိုင်ခဲ့ပါသည်။ ၁၉၉၀ ခု ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် “နန္ဒာရမ တရုတ် မြန်မာကျောင်း” အမည်ပေး၍ ထိုင်ဝမ်တွင် “ပထမ ပြည်ပသာသနာပြုကျောင်း”ကို တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။